မိတ္ထီလာမြို့ မဟာစည်ရပ်ကွက်တွင် ကိုယ်ထူကိုယ်ထ ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး ဒေသခံပြည်သူများ သွားလာရအဆင်ပြေ

မိတ္ထီလာ ဇန်နဝါရီ ၃၀

မိတ္ထီလာမြို့ မဟာစည်ရပ်ကွက်တွင် ကိုယ်ထူကိုယ်ထ ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ သွားလာရအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ရပ်ကွက်ချောင်းကူးတံတားကို ကိုယ်အားကိုယ်ကိုးဖြင့် ရပ်ကွက်သူရပ်ကွက်သားတို့က တက်နိုင်သမျှအားဖြင့် ၂၀၁၈ ခုနှစ်က စုပေါင်းတည်ဆောက်ခဲ့ပါတယ်၊ ၎င်းတံတားကကျဉ်းတော့ ကားသွားမရဘဲ လူသွားလူလာနှင့် ဆိုင်ကယ်လောက်သာသွားလို့ရတယ်၊ ရပ်ကွက်ကစည်းကားလာတော့ လူနှင့်ဆိုင်ကယ်သာမက ကားများပါဖြတ်သန်းသွားလာနိုင်အောင် အလှူရှင် ဦးအောင်သူရလွင် + ဒေါ်ခင်ပြည့်စုံ မိသားစုက ငွေကျပ် သိန်း(၇၀) မတည်လှူဒါန်းမှုဖြင့် တံတားအရှည် ပေ ၅၀ ၊ အကျယ် ၁၂ ပေရှိ သံကူကွန်ကရစ်တံတားအမျိုးအစားကို ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ဆောက်ရွက်လျက်ရှိရာ အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း” တံတားတည်ဆောက်ရေးကော်မတီတစ်ဦးထံမှ သိရသည်။

အဆိုပါ ကိုယ်ထူကိုယ်ထ ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ လူနှင့်ဆိုင်ကယ်များသာမက ကားများပါဖြတ်သန်းသွားလာနိုင်ပြီဖြစ်၍ ရပ်ကွက်နေပြည်သူများ သွားလာရအဆင်ပြေလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်