ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ပဒေသာကပွဲ၊ သီချင်းဆိုပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကျိုင်းတုံ ဇန်နဝါရီ ၃၀

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့နှင့်  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်ပဒေသာကပွဲနှင့် သီချင်းဆိုပြိုင်ပွဲများကို  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မအားကစားကွင်း၌ ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် ဒေသအဆိုတော်များ၊ သီချင်းဝါသနာရှင်များက တေးသီးချင်းများ သီဆိုဖျော်ဖြေခြင်း၊  ဂုံရှမ်း၊ လိရှမ်း၊ တိုင်းနေ၊ လွယ်၊ ဗမာ၊ လီဆူ၊ လားဟူ၊ ‘ဝ’၊ အာခါ၊ အားခေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကပြခြင်း၊ သီချင်းဆိုပြိုင်ပွဲများကို အလှည့်ကျဖျော်ဖြေတင်ဆက်ခြင်းနှင့်  ဉာဏ်စမ်း မေးခွန်းများဖြေဆိုခြင်း၊ Game ကစားခြင်းများပြုလုပ်ပေးခြင်းကို ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်နေ့ထိ ညနေ ၇ နာရီမှ မှ ၁၀  နာရီခွဲအထိ ကျင်းပသွားမည် ဖြစ်ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်း၊ တိုင်းရင်းသားရိုးရာပြခန်းနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချခြင်း၊ ဌာနဆိုင်ရာပြခန်းများ၊ ကုန်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များရောင်းချခြင်း၊  လမုန်းကပွဲများဖြင့် ကျိုင်းတုံမြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၇ ရက် ရှမ်းပြည်နယ်နေ့တွင်  ပြုလုပ်သွားမည်ဖြစ်ကာ ဘွဲ့တံဆိပ်တော်ရ သံဃာတော်၊ လူပုဂ္ဂိုလ်၊ ကျောင်းသား၊ ကျောင်းသူနှင့် လူမှုရေးအဖွဲ့အစည်းများအား ဂုဏ်ပြုဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သီချင်းဆိုပြိုင်ပွဲဆုရရှိသူများကို ဖေဖော်ဝါရီလ ၁၂ ရက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)