ကာမိုင်း စက်တင်ဘာ ၂၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျရေများဝင်ရောက်လာမှုကြောင့် မိုးကောင်းချောင်းရေမြင့်တက်လာသဖြင့် ချောင်းရေလျှံကာ မြစ်ကြီးနား-တနိုင်းသွား(လီဒိုလမ်းမကြီး)ပေါ်သို့ ယနေ့နံနက်(၃)နာရီ က ရေအနက်(၁၂)ပေခန့် ကားလမ်းအရှည်ပေ (၁၈၀၀)ခန့်ရှိ၍ လူနေအိမ် (၃၀၀)ကျော်အထိ ရေများဖုံးလွှမ်းလျက်ရှိပြီး နေအိမ်(၁၀)လုံး ရေစီးလမ်းကြောင်းအတိုင်း မျှောပါပျက်စီးလျက်ရှိကြောင်း သိရသည်။
၎င်းကားလမ်းပေါ်သို့ ရေများကျော်တက်လာမှုကြောင့် မြစ်ကြီးနား-တနိုင်းသွားသည့် အတက်/ အဆင်းယာဉ်များအား ခေတ္တရပ်နားထားရပြီး ကျေးရွာအတွင်းရှိ ရေများဝင်ရောက်လျက်ရှိသော လူနေအိမ်အချို့မှ မိသားစုဝင်များနှင့်ပစ္စည်းများအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့က ရေလွတ်ရာနေရာများဖြစ်သည့် ရှဒူဇွပ်ကိုယ်ထူကိုယ်ထစျေး၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းနှင့် စံပြဘုန်းတော်ကြီးကျောင်းတို့တွင် စက်လှေများဖြင့် ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအတွင်း ရေများဖုံးလွှမ်းရာနေရာသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သုဂတိမဂ္ဂလူမှုကူညီ ရေးအသင်းဝင်များ က ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်ဆယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)