မိုးညှင်းမြို့၌ (၂၃)ကြိမ်မြောက် ဇောတိရှမ်း စုပေါင်းရှင်ပြုပွဲတော် ကျင်းပ

မိုးညှင်း ဇန်နဝါရီ ၃၀

 ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်းရှမ်းပိုင်း ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် (၂၃)ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီလ (၂၉)ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ (၄) ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆိုပါ စုပေါင်းရှင်ပြုပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင်  အကျဉ်းချုံးကျင်းပခြင်းဖြစ်ကြောင်း၊  စုပေါင်းရှင်ပြုပွဲတော်၌ ရှင်သာမဏေ စုစုပေါင်း (၂၇၃)ပါးကို  တစ်နေ့လျှင် ရှင်သာမဏေ အပါး(၄၆)ပါးစီဖြင့်  (၇)ရက်တိုင်တိုင် အလှည့်ကျ ဝတ်နည်းတော်များအရ ပဗ္ဗဇ္ဇိတ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှောက် ပေးလျက်ရှိကြောင်း၊ ဇောတိရှမ်းတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးတွင် မိုးညှင်းမြို့ရှိ ပညာလင်္ကာရဇောတိ ရှမ်းကျောင်းတစ်ခုတည်းတွင်သာ ပြုလုပ်လေ့ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ဇောတိရှမ်းဘာသာဝင်များသည် ပွဲတော်ရက်မတိုင်မီ နှစ်ပတ်ခန့် ကြိုတင်ရောက်ရှိကြကြောင်း၊ ပွဲတော်သို့ လာရောက်ကြသည့် ပွဲလာဧည့်ပရိတ်သတ်များကိုလည်း စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း၊ ညအခါတွင်လည်း ရှင်မိရှင်ဖများနှင့် ဧည့်ပရိတ်သတ်များကို ဓမ္မတရားတော်များ ဟောကြားပေးကြောင်း သိရသည်။

အဆိုပါ စုပေါင်းရှင်းပြုပွဲတော်ကို ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ် ကျင်းပလာခဲ့သည်မှာ ယခုအခါတွင် (၂၃)ကြိမ်မြောက်ထိ ရောက်ရှိလာပြီဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးကိုဦးထံမှ သိရသည်။

ရွှေမိုးညှင်း