ဆဒုံး ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းများနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝက်များ စျေးကောင်းပေးဝယ်နေ၍ ဝက်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်၊၊
ဆဒုံးမြို့အတွင်းရှိ ဒေသခံပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုတစ်နိုင်တစ်ပိုင် မိသားစုအပိုဝင်ငွေရရှိရေး ဒေသဝက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ (၄၅) ရက်သော ဝက်သားပေါက်တစ်ကောင်လျှင် ငွေကျပ်(၁၅၀၀၀၀) ကျော်၊ ဝက်သား တစ်ပိသာလျင် (၂၃၀၀၀) ကျပ်ရရှိပြီး ဝက်စာအဖြစ် လယ်ယာလုပ်ငန်းများမှ ရရှိသည့် ဆန်၊ ဆန်ကွဲ၊ ငှက်ပျောပင်၊ ပိန်းပင်များကို ကျိုချက်၍ ကျွေးမွေးရကြောင်း ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများထံမှ သိရသည်။
ဆဒုံးမြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသဖြင့် ကြက်၊ ဝက်၊ နွား၊ ကျွဲများကို မွေးမြူခြင်းဖြင့် နွားချေး၊ ဝက်ချေး၊ ကြက်ချေးတို့ကို လယ်ယာမြေအတွက် လိုအပ်သော သဘာဝမြေသြဇာများအဖြစ် အသုံးပြုနိုင်ကြောင်းကိုလည်း သိရှိရသည်။
ခင်မာဝင်း (ဆဒုံး)