မိုးနဲမြို့နယ် နားခံအခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

မိုးနဲ ဇန်နဝါရီ ၃၀

ကျောင်းသား၊ကျောင်းသူများ  ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် နားခံကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က လူငယ်စကားဝိုင်းကိုကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်က ယနေ့ခေတ်လူငယ်များ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးက နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာဗဟုသုတများပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ရဲဝံ့စွာ စကားပြောဆိုတတ်စေရေး စသည့်အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ် စကားဝိုင်းများကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနားခံ အ.ထ.က(ခွဲ)မှ ဆရာစိုင်းဆိုင်မှိုင်းနှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစားလူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးက ခေါင်းစဉ်အလိုက်သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးဇာနီထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)