ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူပေါင်း၍ဖွင့်လှစ်ခဲ့သော အခြေခံရှေးဦးပြုစုခြင်းအခြေခံ (၁/၂/၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် အမှတ်(၂)၊(၃)၊(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၆၅)ဦးတက်ရောက်ခဲ့ကြပြီး ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြား၍ အ.ထ.က(၅)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာထွေးက သင်တန်းလာရောက်ဖွင့်လှစ်ပြီး စာတွေ့၊ လက်တွေ့များပါ သင်ကြားပို့ချပေးခဲ့ကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် သင်တန်းသားကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်နှင့်မြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ဆုရရှိသူသည့်ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
အေးမဥ္ဇူ