နောင်တရား ဖေဖော်ဝါရီ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ လွယ်ဗောင်းဘုန်းတော်ကြီးကျောင်းဒကာ ခုနှစ်ရွာမှစုပေါင်း၍ ဗုဒ္ဓဥယျာဉ်တောင်ပေါ်၌(တပို့တွဲလပြည့်နေ့) ဖေဖော်ဝါရီလ ၄ ရက်နေ့ညပိုင်းတွင် ပအိုဝ်းရိုးရာမီးလျှောတိုင်(မေးတင်) မီးထွန်းပွဲနှင့် ရှားမီးပူဇော်ပွဲ စည်ကားစွာကျင်းပသွားမည်ဟု ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
“ပအိုဝ်းရိုးရာမီးလျှောတိုင်(မေးတင်)မီးထွန်းပွဲတွေက တဖြေးဖြေးနဲ့ပျောက်ကွယ်လု နီးပါးဖြစ်နေပြီး ကလေးတွေလောက်ဘဲလုပ်တော့တယ်၊ မီးလျှောတိုင်ကို ပအိုဝ်းဘာသာစကားဖြင့် မေးတင်လို့ခေါ်တယ်၊ ယခုဗုဒ္ဓဥယျာဉ်တောင်ပေါ်မှာ မီးလျှောတိုင်(မေးတင်)ကို ပအိုဝ်းရိုးရာဝတ်စုံအပြည့်၊ အိုးစည်ဗုံမောင်းနဲ့ လွယ်ဘောင်းဘုန်းတော်ကြီး ဒကာခုနှစ်ရွာမှ တစ်ရွာကို မီးလျှောတိုင်(မေးတင်)ကိုယ်စားပြု မီးတိုင်တစ်တိုင်စီပါဝင်ပြီး ဘုရားမီးပူဇော်ကြပါမယ် ရှားမီးပူဇော်သွားပါမယ် ကျေးရွာတိုင်းရဲ့ လူပျို၊ အပျိုမီးလျှောတိုင်(မေးတင်)လည်း ပါဝင်ပူဇော်ကြပါမယ်”ဟု ထီရီးကရင်ကျေးရွာမှာ ပွဲကျင်းပရေးကော်မတီတစ်ဦးက ပြောသည်။
အဆိုပါမီးလျှောတိုင်(မေးတင်)မီးထွန်းပူဇော်ပွဲကို ဗောင်းရေချို၊ ဗောင်းပြုံး၊ ဗောင်းကျောင်းနား၊ ဆောင်ဖယ်၊ ဗောင်းမော်ဒုံ၊ ထီးရီးကရင်နှင့် ဗောင်းပြူးလောင်း စသည့် လွယ်ဗောင်ဘုန်းတော်ကြီးကျောင်း ဒကာခုနှစ်ရွာမှတပို့တွဲလပြည့်နေ့ညပိုင်းတွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်း၍ မီးထွန်းပူဇော်ခြင်းဖြစ်ပြီး၊ ရှားမီးပူဇော်ခြင်းကိုလည်း ပူးတွဲပူဇော်ကြသည်။ ယခင်ကမီးလျှောတိုင်(မေးတင်)ကို လူငယ်၊ လူလတ်၊ လူကြီးပိုင်းများကပြုလုပ်၍ မီးပူဇော်ကြပြီး ယခုအချိန်တွင် ပအိုဝ်းကျေးရွာများ၌ လူငယ်များကသာ ပြုလုပ်ပူဇော်ကြသည် ကိုတွေ့ရှိရသည်။ မီးလျှောတိုင်(မေးတင်)ဖြင့် မီးထွန်းပူဇော်ပွဲကို လွယ်ဗောင်းဗုဒ္ဓဥယျာဉ်တော်ပေါ်၌ ၂၀၂၁ ခုနှစ်မှ ပြန်လည်စတင် ကျင်းပခဲ့ပြီး မီးလျှောတိုင်(မေးတင်)မီးထွန်းပူဇော်ပွဲကို ပအိုဝ်းတိုင်းရင်းသားရိုးရာ မပျောက်ကွယ်ရေးအတွက် ဆက်လက်ထိန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသားရိုးရာ အကပဒေသာများထည့်သွင်း၍ စည်ကားစွာကျင်းပသွားမည်ဟု သိရသည်။
ခွန်အောင်(နောင်တရား)