ထန်းတပင်၌ အသွားအလာ ကန့်သတ်ထားရှိသူ(၅၆)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသဖြင့် Home Quarantine ဝင်ရောက်ရန်နေအိမ်များသို့ ပြန်လည်စေလွှတ်

ထန်းတပင်(ရန်ကုန်)  စက်တင်ဘာ  ၂၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုများ မရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား အခြေခံပညာကျောင်းလေးကျောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် အသွားအလာများ ကန့်သတ်ထားကာ သီးခြားနေထိုင်စောင့်ကြည့်မှုများကို ဆောင်ရွက်ထားရှိပြီး အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက် တန်းကျောင်းတွင် အသွားအလာ ကန့်သတ်ထားရှိသူ (၅၆)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ ရှိသဖြင့် Home Quarantine (၇)ရက်တာ ပြန်လည်ဝင်ရောက် နေထိုင်ရန် ၎င်းတို့၏ နေအိမ်များသို့ စက်တင်ဘာလ(၂၅)ရက်နေ့က ပြန်လည်စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှသိရသည်။

အ.ထ.က(ထန်းတပင်) ကျောင်းမှာ Quarantine ဝင်ရောက်နေတဲ့သူ(၅၆)ဦးကို နေအိမ်မှာ Home Quarantine(၇)ရက်တာ ပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက် ဒီနေ့ထဲ့ကပြန်လည်စေလွှတ် ပေးခဲ့တာပါ၊ ပြန်လည်စေလွှတ်တဲ့နေရာမှာလည်း (၇)ရက်တိတိ Home Quarantine နေထိုင်ဖို့ အတွက် ဝန်ခံကတိ ရယူပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်၊ အခု လက်ရှိ ဆိုရင် အခြေခံပညာကျောင်း Quarantine စင်တာ အသီးသီးမှာဆိုရင် Quarantine ဝင်ရောက် နေတဲ့သူ ကျန်တာဆို (၁၁၀)ဦးနဲ့ မြို့နယ်ပြည်သူ့ဆေးရုံမှာ (၆)ဦးသာ ကျန်ပါတော့တယ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းကရှင်းပြသည်။

ထို့အပြင် စက်တင်ဘာလ(၂၅)ရက်နေ့၊ နံနက် ပိုင်းက အ.ထ.က(ထန်းတပင်) Quarantine စင်တာသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် ပုညပါရမီလူမှုကူညီ ကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)