ဗန်းမော် စက်တင်ဘာ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ရုံး၏ ဦးဆောင်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်ဖွဲ့စိတ်(၂) လွယ်ဂျယ်မှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး အောင်လှိုင်တို့က လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ကြသည်။
"ယခင်နှစ်များမှာတော့ လူကုန်တားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရပ်ကွက်၊ စာသင်ကျောင်းများမှာ အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ ပြည်သူ့စကား ဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုနှုန်း မြင့်နေတာကြောင့် အသိပညာပေးခြင်း လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းမရှိလို့ အွန်လိုင်းကနေတစ်ဆင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေဖို့ ယခုလို Talk Show ပြုလုပ်ရခြင်းဖြစ်ပါတယ်" ဟု လွယ်ဂျယ်မြို့ ပြန်/ဆက်ဦးစီးမှူး ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။
ယခုပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို အွန်လိုင်းမှ တစ်ဆင့် အပြည့်အစုံလေ့လာကြည့်ရှုနိုင်ရန်အတွက် LWEJE IPRD Facebook Page က လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)