ကျောက်တော် ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါ ခန်းမအတွင်း ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အေးကျော့လှိုင်က စာကြည့်တိုက်အတွင်း စာဖတ်သူတိုးပွား လာစေရန်၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အသိပညာဗဟုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး ယခုလို စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ယင်းနောက် Youth Club အဖွဲ့ဝင် မောင်ကောင်းခန့်ဇော်က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော အချိန်ကို အသုံးချနည်းဆောင်းပါးပါ အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ကျောင်းသူလေးများမှလည်း ပညာလို အိုသည်မရှိ ဆောင်းပါးအကြောင်းအရာများအား တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲ သို့ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း