ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီမြေ ထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်မိုးရာသီ၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားပါက ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပေါ် လေ့ရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက်များအတွင်း ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် အတူ အမြန်ရေယာဉ်ဖြင့် ဧရာဝတီမြစ်အတွင်းမှ မြစ်ကြီးနားမြို့အား ရေကြီး ရေလျှံမှုမှ ကာကွယ်နိုင်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီမြေထိန်းနံရံ တည်ဆောက် ထားရှိမှုအ‌ခြေအနေများ၊ မြို့ဧရိယာအတွင်းရှိ ရေထုတ်မြောင်းမကြီးများမှ တစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် ရေထွက်ပေါက် အ‌ခြေအနေများနှင့် ဧရာဝတီမြစ်ရေစီးကြောင်း ပြောင်းလဲတိုက်စားနိုင်မည့် အခြေအနေများအ‌ပေါ် ကြိုတင်ကာကွယ်သွားရမည့် မြေပြင်အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ တိုက်စားခြင်းမှ ကာကွယ်ရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၉)နှင့် နယ်မြေ (၁၀) အတွင်း မြေထိန်းနံရံ တည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းခွင်ရှင်းလင်း‌ဆောင်၌ ကျောက်စီမြေထိမ်းနံရံ စုစုပေါင်း အရှည်ပေ (၃၁၈၈) ပေကို အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ ခိုင်ခံမှုရှိစေရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းခွင် အပိုင်း(၁)နှင့် အပိုင်း(၂) အတွင်းမြေသားပြုပြင်၍ Pine ရိုက်သွင်း စိုက်ထူခြင်း လုပ်ငန်းများ၊ အောက်ခြေကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ၊ အပိုင်းလိုက် ကျောက်စီခြင်း လုပ်ငန်းများ တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်မိုးရာသီတွင် ပြည်သူများ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်‌ပေးရသည့် လုပ်ငန်းစီမံကိန်းဖြစ်သည့်အတွက် မြေပြင်အခြေအနေကို စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးကာ ရပ်ကွက်နေပြည်သူများအား စည်းရုံးဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)