ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းနယ်မြေ(၈) ခေတ်မီစံပြကျေးရွာ (Smart Village) နေ ပြည်သူ့များနှင့်‌ တွေ့ဆုံ၊ ကျေးရွာအတွင်း လုပ်ငန်းစီမံကိန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ နယ်မြေ (၈) ခေတ်မီစံပြကျေးရွာ (Smart Village)နေ ဒေသခံတိုင်းရင်းသားပြည်သူလူထုများနှင့်‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာရှိ ချန်းမောခန်းမ ဆောင်၌ တွေ့ဆုံ‌ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က  မော်ဖောင်း၊ နယ်မြေ (၈) ခေတ်မီ စံပြကျေးရွာ (Smart Village) ဘက်စုံ ခေတ်မီဖွံ့ဖြိုးတိုးတက်‌လာစေရန် ဒေသခံပြည်သူများ အနေဖြင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ‌နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်နယ်အတွင်းရှိ ကျေးလက်များ ဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံ့စီးပွား မြင့်တင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) လုပ်ငန်းများအတွက် ရန်ပုံငွေများ ရင်းနှီးမတည် ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မြစ်ကြီးနားမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှက မော်ဖောင်း၊ နယ်မြေ (၈) ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား ပါဝါပွိုင့်ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့ပြီး အဆိုပါ ကျေးရွာတွင် စီမံကိန်းလုပ်ငန်များဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်‌ဆေးသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရန်ပုံငွေဖြင့် ရင်းနှီးမတည်ဆောက်ရွက်လျက်ရှိသော မော်ဖောင်း၊ နယ်မြေ (၈) ခေတ်မီစံပြ ကျေးရွာ စိုက်ပျိုးရေးလုပ်ငန်း သမဝါယမအသင်း (လီမိတက်) အသင်းသားများပိုင် ယာမြေ(၂၅) ဧကပေါ်တွင် နှင်းဆီးပန်းစိုက်ခင်း၊ ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်းကိုလည်းကောင်း၊ မြစိမ်းရောင်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော တောင်သူများ၏ ယာမြေ ၉ ဧကပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေ လုံလောက်မှုရှိစေရေးအတွက် ဆိုလာ စနစ်ဖြင့် ရေပေးဝေနိုင်ရေး၊ နည်းပညာ၊ သွင်းအားစုများ ကူညီပေးနိုင်ရေး လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)