ကချင်ပြည်နယ် သယံဇာတရေးရာ၀န်ကြီး နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် အနွေးထည်စောင်များ ထောက်ပံ့ပေးအပ်၊ ဒေသဖွံ့ဖြိုးရေး လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပူတာအို ဇန်နဝါရီ ၂၉

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမယစ်ယောရှုနှင့် အတူ ယမန်နေ့ နံနက်(၉)နာရီက နောင်မွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အနွေးထည်စောင်များ ထောက်ပံ့ပေးအပ်သည်။

ယင်းသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်က နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့် အညီ ဝန်ထမ်းစည်း မျဉ်းစည်းကမ်း အတိုင်း လိုက်နာပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက် ရန်လိုအပ် ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းပြောကြားပြီး နောင်မွန်းမြို့ မြို့မိမြို့ဖများနှင့် ဒေသခံများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးက ဒေသခံပြည်သူများအတွက် အနွေးထည်စောင်၊ အိပ်ယာခင်း၊ ခေါင်းအုံးအပါအဝင် ပစ္စည်း ရှစ်မျိုးပါဝင်သော အဝတ်အထည်စုံ (၂၅)ထုပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် နောင်မွန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပြည်နယ် အစိုးရ၏ အထွေထွေပိုလျှံရန်ပုံငွေကျပ်သန်းပေါင်း (၁၄.၅)သန်းဖြင့် အရှည်(၁၅၀)ပေရှိ မီးသတ်ရုံးသွားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် အဆိုပါ ရန်ပုံငွေကျပ်သန်းပေါင်း(၉.၈)သန်းဖြင့် အရှည်(၆၀၀)ပေရှိ သုဿာန်သွား လမ်းသဲကျောက်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမယစ်ယောရှု၊ နောင်မွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် အတူ ဇန်နဝါရီ(၂၇)ရက်က ပန်နန်းဒင်မြို့ ခါကာဘို ရာဇီခန်းမ၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး  ပြည်နယ် သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်က ဝေးလံခက်ခဲသောဒေသတွင် တာ၀န်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား ဂုဏ်ပြုပါကြောင်း၊ မိမိတာဝန်ကျစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးစားစေလိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်စေလိုကြောင်း အမှာစကားပြောကြားကာ ပန်နန်းဒင်မြို့ ဒေသခံမြို့မိမြို့ဖများက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်၍ ပြည်နယ်၀န်ကြီးက ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်ငါးသိန်းနှင့် ဒေသခံပြည်သူများအတွက် စောင်၊ အိပ်ယာခင်း၊ ခေါင်းအုံးအပါအဝင် ရှစ်မျိုးပါသောအထုပ်(၃၀)ထုပ်တို့ကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးသည် အထက(ပန်နန်းဒင်) ကျောင်းတွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေရှိ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆရာ/မများအတွက် ထောက်ပံ့ငွေကျပ်နှစ်သိန်း ထောက်ပံ့ပေးအပ်သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် တံတားဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ပေါင်း(၆၀၀)သန်းဖြင့် အရှည်(၄၀၀)ပေရှိ ရပ်ဘော့-ပန်နန်းဒင်-ဒဇွန်ဒမ်းလမ်းပေါ်ရှိ တံတား အမှတ်(၃/၃၅) နမ့်တမိုင် သံကူကွန်ကရစ် သံဘောင်တံတားဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)