ကချင်ပြည်နယ် စီးပွားရေးရာ၀န်ကြီး ပူတာအိုဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီး လွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူးတံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးအဖွဲ့ (DMO)၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ Snow Land Hotel ၌ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပူတာအိုဒေသသည် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ရေခဲတောင်ရှိ‌နေခြင်း၊ သဘာဝတောတောင် ရေမြေအလှအပများနှင့် အထင်ကရနေရာများစွာ ရှိ‌နေခြင်းတို့‌ကြောင့် ဒေသတွင်းခရီးသွားများအား အဓိကဆွဲဆောင်နိုင် သော ဒေသတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံများအနေဖြင့် သဘာ၀အလှတရားများကို နဂိုမူလအတိုင်း ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာစေရေးလိုအပ်ချက်များ  ကိုပွင့်ပွင့်လင်း လင်းတင်ပြစေလိုကြောင်း ပြောကြားပြီး ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO)ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးက ခရိုင်အတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခိုင်ဦးက ဦးစီးဌာန၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ၊ ဟိုတယ်၊ တည်းခိုခန်းနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများ အတွက် ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်များဆောင်ရွက်နိုင်မှု အခြေအ‌နေနှင့် အွန်လိုင်းစနစ်ဖြင့် ဧည့်စာရင်းတိုင်ကြားရေးလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ပူတာအိုဒေသတွင် ခရီးသွားလုပ်ငန်းအတွက် ကန့်သတ်နယ်မြေများကို ဖြေလျော့ပေးရေးနှင့် လိုအပ်ချက် များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက အကြံပြုသုံး သပ်ဆွေးနွေးပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်/ခရိုင်အဆင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေး အဖွဲ့ဝင်များနှင့် အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ခန့်မှန်းလုပ်ငန်း တန်ဖိုးကျပ်သန်းပေါင်း (၁၀၈၀.၀၀)သန်းဖြင့် အရှည်(၂၄၀)ပေရှိ ပူတာအို မြို့နယ်၊ ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့-မန်စေ-မန်စေခွန်လမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း)ပေါ်ရှိ နမ့်ပလပ်ချောင်းကူးကွန် ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး ရှင်းလင်းဆောင်၌ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင်က တံတားတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ချက်မှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးသည် တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါ တံတားသည် ပူတာအိုလွင်ပြင်ပတ်လမ်းပေါ် တွင်ရှိခြင်း၊ ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ(၂၈)ရွာ၊ အိမ်ခြေ(၂၀၅၆)၊ လူဦးရေ (၁၀၉၄၀)ဦးအတွက် အကျိုးပြုခြင်း၊ လူမှုအခြေပြုခရီးသွားလုပ်ငန်းအတွက် အထောက်အကူပြုခြင်းတို့ကြောင့် စံချိန် စံညွှန်းနှင့် အညီ သတ်မှတ်ကာလအတွင်း အချိန်မီတည်ဆောက်ပြီးစီးရေးနှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက် (ပူတာအို)