ညောင်ဦးမြို့နယ်၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်

ညောင်ဦး  ဇန်နဝါရီ  ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် မီးသတ်ဦးစီးဌာနနှင့် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာသည်ဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဈေးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေး ဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများအား၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်ထွန်း (ညွှန်ကြား ရေးမှူး)၏ လမ်းညွှန်ချက်နှင့် အညီ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃နာရီခွဲ အချိန်က ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မဏိစည်သူဈေးကြီး၌ ဈေးကြီး မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ကျော်မင်းသူ (ဦးစီးအရာရှိ) ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဈေးကြီးအတွင်း တပ်ဆင်ဖြည့်တင်းထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဗူးများ၊ Fire Ball များ၊ အပေါ့စားမီးသတ်စက်များနှင့် ရေသိုလှောင်ကန်များ၊ အသင့်အနေအထားရှိ/မရှိနှင့် စွမ်းအားပြည့်အသုံးပြုနိုင်စွမ်းရှိ/မရှိ လှည့်လည်စစ်ဆေးခြင်း၊ ဆိုင်ခန်းများတွင် ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှု စနစ်တကျရှိ/မရှိ စစ်ဆေးအကြံပြုခြင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ ဝါယာကြိုးသွယ်တန်းမှုများ ကောင်းမွန်မှုရှိ/မရှိနှင့် ယာယီမီးကြိုးများ သွယ်တန်းမှုရှိ/မရှိတို့အား မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်းများဖြင့်လည်းကောင်း၊ လှည့်လည်စစ်ဆေးခြင်း၊ အကြံပြုခြင်းလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြီးနောက် ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅) အရန်မီးသတ်တပ် ဖွဲ့ဝင်များနှင့် မဏိစည်သူဈေးမှ ဈေးမိ/ဈေးဖများ၊ ဈေးအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ဈေးသူဈေးသားများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများအား မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆောင်ရွက်ခြင်း၊ လက်တွေ့မီးငြိမ်းသတ် ရေးဇာတ်တိုက်လေ့ကျင့်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မဏိစည်သူဈေးကြီးအတွင်း အသင့်တပ်ဆင်ထားရှိသော အပေါ့စား မီးသတ်စက်သတ်စက်(၂)လုံးဖြင့် လက်တွေ့ရေပက် ဖျန်းငြိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်ခြင်းနှင့် မီးသတ်ယာဉ် (၂)စီးတို့ဖြင့် အရေးပေါ် အခြေအနေတွင် မီးသတ်ယာဉ်များ နေရာယူရေပက်ဖျန်း မီးငြိမ်းသတ်ရေးလုပ်ငန်းတို့အား စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်မြတ်နိုးဝေ (ဦးစီးအရာရှိ)က မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြသည်။ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးညီညီထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေါ်လှိုင်(လက်ထောက်ညွှန်ကြားရေးမှူး)၊ မြို့နယ်လျှပ် စစ်မန်နေဂျာ ဦးဝင်းလွင်၊ ဈေးခေါင်း ဦးအောင်ကျော်မြင့်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း