ရခိုင်ပြည်နယ် မောင်တောမြို့  မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မောင်တော ဇန်နဝါရီ ၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌  မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်” သီချင်းဖြင့် သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးနေဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ၊ (၄)မိုင် အခြေခံပညာအထက်တန်းကျောင်း ၊အမှတ်(၁) နှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း ၊ အ မှတ်(၂) နှင့် အမှတ်(၃) အခြေခံပညာ မူလတန်း(လွန်)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူလေးများက ရခိုင်ရိုးရာယဉ် အကအလှများ  ၊ တေးသီချင်း အမျိုးမျိုးဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။

ထို့နောက် ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ၊ မြို့နယ်အတွင်း ဉာဏ၊ ကာယစွမ်းရည် ပညာရည်ချွန်ဆု ရရှိသူများနှင့် အားကစား ထူးချွန်ဆုရရှိသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးကြပြီး  (၄)မိုင် အခြေခံပညာ အထက်တန်းကျောင်း သား၊ကျောင်းသူလေးများက “ရခိုင်တို့မြေလာခဲ့လေ”သီချင်းဖြင့် သီဆို ဖျော်ဖြေပေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူး ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)