မန္တလေး၊ စက်တင်ဘာ ၂၆
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက် (၈၀) နှစ်ပြည့်ပြီး အသက် (၈၅) နှစ် မပြည့်သေးသည့် အဘိုးအဘွား (၁၄၀၀) ကျော်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၁၉) ရပ်ကွက်မှ အသက် (၈၀) နှစ်ပြည့်ပြီး အသက် (၈၅)နှစ် မပြည့်သေးသည့် အဘိုးအဘွား (၁၄၂၆)ဦးတို့အတွက် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ တစ်ကြိမ်တည်း ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၄၂၇ သိန်း ၈ သောင်းကျပ်ကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်ကပေးအပ်ရာ အောင်မြေသာစံမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်တို့ကလက်ခံရယူပြီး သက်ဆိုင်ရာရပ်ကွက်များတွင် ရှိကြသော အဘိုး အဘွားများဦးရေအလိုက် ပြန်လည်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်ဦး(အောင်စံ)