မိုးညှင်း ဇန်နဝါရီ ၂၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်းရှမ်းပိုင် ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၃)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီလ(၂၉)ရက်မှ ဖေဖော်ဝါရီလ(၄)ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ရှင်မိရှင်မများ လာရောက်ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းရှင်ပြုပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဇောတိရှမ်းဘာသာဝင် ရှမ်းမျိုးနွယ်စုများသည် နတ်တော်လဆန်း (၁)ရက်နေ့မှစတင်၍ ရှင်မိရှင်ဖများက ရှင်းလောင်းများကို စတင်အပ်နှံကြပြီး ယခုအခါတွင် ရှင်းလောင်းများသည် ဝိနည်း (၃)ကြမ်း၊ အဘိဓမ္မာ (၇)ကြမ်း၊ မင်္ဂလာသုတ်တော်၊ သင်္ကန်းတောင်း၊ ဆုပေးနှင့် ရှင်ကျင့်ဝတ်များစသည်တို့ကို ကြိုတင်လေ့လာသင် ယူလေ့ရှိကြ၍ စုပေါင်းရှင်ပြုပွဲကို တပို့တွဲလဆန်း(၉)ရက်မှ တပို့တွဲလပြည့်အထိ ခုနှစ်ရက်တိုင်တိုင် ကျင်းပသွားမည်းဖြစ်ကြောင်း သိရသည်။
ယခုနှစ် စုပေါင်းရှင်းပြုပွဲတွင် ရှင်သာမဏေ စုစုပေါင်း (၂၇၃)ပါးရှိ၍ တနေ့လျှင် ရှင်သာမဏေ အပါး(၄၆)ပါးစီဖြင့် နေ့စဉ် (၇)ရက်တိုင် အလှည့်ကျပဗ္ဗဇ္ဇိတရှင်သာမဏေအဖြစ်သို့ သွတ်သင်ချီးမြှောက်သွားမည်ဖြစ်ကြောင်းနှင့် ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ် စုပေါင်းရှင် ပြုပွဲတော်ကို ကျင်းပလာခဲ့သည်မှာ ယခုအခါတွင် (၂၃)ကြိမ်မြောက်ထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးကိုဦးထံမှ သိရသည်။
ဇောတိရှမ်းတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ရှိ ပညာလင်္ကာရဇောတိ ရှမ်းကျောင်းတစ်ခုတည်းတွင်သာ ပြုလုပ်ပေးလေ့ရှိသဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ဇောတိရှမ်းဘာသာဝင်များသည် ပွဲတော်ရက်မတိုင်မီ နှစ်ပတ်ခန့် ကြိုတင်ရောက်ရှိလာကြပြီး ပွဲတော်ကျင်းပမည့် နန့်ရင်းချောင်းသဲသောင်ပြင်၌ တည်းခိုတန်း လျားများတွင်အခမဲ့တည်းခို နေထိုင်ကြစေလျက်ရှိသည်။
ထိုသို့ တည်းခိုနေထိုင်ကြရင်း မိမိတို့သယ်ယူလာသော ရိုးရာအဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ရိုးရာစားသောက်ကုန်များကို ခင်းကျင်းရောင်းချ ကြသဖြင့် ပွဲတော်ရက်မတိုင်မီကပင် စည်ကားလျက်ရှိကြပြီးပွဲတော်သို့ လာရောက်ကြသည့် ဧည့်ပရိတ်သတ်များကိုလည်း စတုဒီသာဧည့်ခံမဏ္ဍာပ်တွင် ဧည့်ခံကျွေးမွေးပေး လျက်ရှိကြောင်း၊ သိရသည်။
ရွှေမိုးညှင်း