ဟိုပန် ဇန်နဝါရီ ၂၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင်အမှတ်(၃)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်(အဖွဲ့ငယ်)၏ ဖျော်ဖြေတင်ဆက်မှုကို ဇန်နဝါရီလ ၂၇ ရက်နေ့ည(၇)နာရီက ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမ၌ ကပြဖျော်ဖြေခဲ့ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၊ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သက်အောင်ဇင်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တပ်ရင်းတပ်ဖွဲ့မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အများပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တပ်ရင်းတပ်ဖွဲ့များအား စိတ်အပန်းဖြေပျော်ရွှင်စေရန် ရည်ရွယ်၍ လာရောက်ဖျော်ဖြေကပြပေးခဲ့သည့် အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်(အဖွဲ့ငယ်)အား“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့မှ အရာရှိစစ်သည်များက ဂုဏ်ပြုပန်းခြင်းနှင့်ဆုများ မေတ္တာလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါ ဖျော်ဖြေတင်ဆက်မှုတွင် ဘုရားကန်တော့ခန်း။ ဦးရွေရိုးဒေါ်မိုးအက၊ ဟာသပြဇတ်၊ ရှမ်းယိမ်းအက၊ မျက်လည့်၊ မြန်မာသံစဉ်၊ စတိတ်ရှိုးတေးသံသာ စသည့်အစီအစဉ်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
 
     
     
    