ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များတင်သွင်းမည့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်

ချင်းရွှေဟော်   စက်တင်ဘာ  ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့   ပို့ကုန်များတင်သွင်းမည့်   ကုန်တင်ယာဉ်များ   အဆင်ပြေချောမွေ့စေရေး အတွက်   ကိုဗစ်-၁၉ရောဂါ   ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဝင်ရောက်ခွင့်ပြု ခဲ့ကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရန်အတွက် စက်တင်ဘာလ(၁၈)ရက် နေ့မှ(၂၂)ရက်နေ့အထိ ယခင်က သွားလာခွင့်ပြုထားသည့် ကုန်တင်ယာဉ်များအား ဝင်ရောက်ခွင့် ခေတ္တယာယီကန့်သတ်ထားကြောင်းနှင့် ဒေသအခြေအနေပေါ်မူတည်၍ ထပ်မံဖြေလျော့ခြင်း (သို့) တိုးမြှင့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထုတ်ပြန်အသိပေး‌ကြေညာခဲ့သည်။

သို့ဖြစ်ပါ၍ ယခုအချိန်၌ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ် ယာဉ်မောင်းများကို တိုက်ရိုက်ဝင်ခွင့်မပြုသေးဘဲ ချင်းရွှေဟော်မြို့ အဝင်သံတံတားဂိတ်တွင် ရပ်တန့် စေ၍ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပြီး မော်တော်ယာဉ်များကို ပိုးသတ် ဆေးပက်ဖျန်းခြင်း ၊ PPE ဝတ်စုံ ဝတ်ဆင်ထားသည့် ယာဉ်မောင်းဖြင့် အစားထိုးလဲလှယ်ကာ ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ် ၊ နမ့်ဖာဟော်တံတားပေါ်အထိ မောင်းပို့၍ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသား ယာဉ်မောင်းများက ၎င်းတို့၏ နိုင်ငံအတွင်းသို့ မြန်မာနိုင်ငံဘက်မှ ကုန်တင်ယာဉ်များအား ဆက်လက်မောင်းနင် ပို့ဆောင်ပေးပြီး ယာဉ်မောင်းအစားထိုးစနစ်ဖြင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းမရှိစေရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ချင်းရွှေဟော် မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

ထိုသို့ ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များတင်သွင်းမည့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပြီး ယာဉ်မောင်းအစားထိုး စနစ်ဖြင့် မြန်မာနိုင်ငံမှ နှမ်း၊ မြေပဲ၊ ပဲတီစိမ်းများ စသည်တို့ တင်ဆောင်လာသည့် ပို့ကုန်တင်ယာဉ်များမှာ စက်တင်ဘာလ(၂၄)ရက်နေ့၊နံနက်ပိုင်းမှ ယနေ့အချိန်အထိ ကုန်တင်ယာဉ်စီးရေ(၄၀)စီးခန့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း ချင်းရွှေဟော်န ယ်စပ်စစ်ဆေးရေး စခန်းမှ တာဝန်ရှိသူတစ်ဉီးထံမှ သိရှိရသည်။

 

 ဇင်ဇင်(ပြန်/ဆက်)