မိုင်းတုံ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြည်စုံမှန်ကန်ရေး မဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဒုတိယအကြိမ် မဲစာရင်းကြေညာတဲ့အခါမှာ ပြည့်စုံမှန်ကန်မှုရှိစေဖို့ ကျွန်တော်တို့ အဖွဲ့အလိုက် ကွင်းဆင်းပြီး တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး ပြင်ဆင်ဖြည့်စွက်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်း တွေကို မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်နဲ့ မိဘအမည်များ မှန်ကန်ခြင်းရှိ၊ မရှိ နဲ့ သေဆုံးသူများ ပါဝင်ခြင်း ရှိ၊မရှိ ထပ်မံ စစ်ဆေးနေတာဖြစ်ပါတယ်" ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး က ပြောသည်။
အဆိုပါ မိုင်းတုံမြို့နယ်ရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၀)အုပ်စုရှိ မဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းတို့က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ)