မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားပုံစံသစ်များ သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်တပ်ဆင်ပြီးစီးရေးကိစ္စ ညှိနှိုင်းအစည်းအဝေးပြုလုပ်

မူဆယ် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားပုံစံသစ်များကို သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်တပ်ဆင်ပြီးစီးရေးကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀း၀၀)အချိန်က မူဆယ်မြို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံးခန်းမ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မူဆယ်မြို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ခင်မှ အဖွင့်အမှာစကားအနေဖြင့် လုံခြုံမှုအဆင့်အတန်းဝင် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ လဲလှယ်တပ်ဆင်ရေးနှင့်ပတ်သက်သော လုပ်ငန်းစဉ်များ၊ ဒေသကုတ်နံပါတ်ပါသည့် ဖောင်းကြွနံပါတ်ပြားများကို (၁.၇.၂၀၂၁)ရက်နေ့မှ စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစားပေးဆောင်ရွက်ပေးနိုင်ရန်အတွက် ဌာနပိုင်ယာဉ်များ၊ တက္ကစီယာဉ်များ၊ မြို့တွင်း/ပြင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၏ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လိုင်းပိုင်ရှင်များကို ရှင်းလင်းလွယ်ကူနိုင်မည့်နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် သတင်းမျှဝေပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ဖောင်းကြွနံပါတ်ပြားများကို ၂၀၂၃၊ မတ်လ၊(၃၁)ရက်နေ့ နောက်ဆုံးထားလဲလှယ်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မူဆယ်မြို့၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်မှတ်ပုံတင်ဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်းမှ မော်တော်ယာဉ်များအတွက် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များ ဝယ်ယူရေးအတွက် လိုအပ်ချက်များနှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မူဆယ်မြို့၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်စစ်ဆေးရေးဌာနမှစက်မှုကျွမ်းကျင်(၂)ဦးသူရနိုင်မှ ဖောင်းကြွနံပါတ်ပြားများ ထုတ်ယူရာတွင် လိုအပ်သည့်အထောက်အထားများဖြစ်သော ယာဉ်မှတ်ပုံတင် စာအုပ်မူရင်းနှင့် ယခင်ဖောင်းကြွနံပါတ်ပြားအဟောင်း(၂)ချပ်တို့ လိုအပ်ကြောင်း ထုတ်ယူရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အတူ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်လင်း၊ ပုဂ္ဂလိကယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အမှတ်(၁၂၅)ယာဉ် ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဦးကျော်ဇင်လတ်တို့မှ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားပုံစံသစ် စောလျင်စွာတပ်ဆင်ပြီးစီးရေးအတွက် လိုအပ်သည်များကို တက်ရောက်လာသောယာဉ်ပိုင်ရှင်များ၊ ယာဉ်လိုင်းပိုင်ရှင်တို့နှင့် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားကို မော်တော်ယာဉ်ပိုင်ရှင်၊ ယာဉ်လိုင်းပိုင်ရှင်(၄၇)ဦးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)