ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကို အများပြည်သူများသိရှိစေရန် ဥတ္တရခရိုင်အတွင်း၌ မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး

ဥတ္တရသီရိ  စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် လတ်လလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ယမန်နေ့ညပိုင်းက ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များအတွင်း  မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေတွေကို အများပြည်သူတွေသိရှိစေရေး၊ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး စနစ်တကျသွားလာနေထိုင်ဖို့၊ ကျန်းမာရေးညွှန်ကြားချက်တွေကိုလည်း အများပြည်သူတွေ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ အသိပေးဆောင်ရွက် နေတာဖြစ်ကြောင်း ဥတ္တရခရိုင်၊ မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောလွင်အေး ထံမှ သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး ဦးစောလွင်အေး၏ လမ်းညွှန်မှုဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အများ ပြည်သူ ထံသို့ပန်ကြားချက်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အများပြည်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက် များကို မီးသတ်ယာဉ်ဖြင့် ဥတ္တရခရိုင်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံအသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)