အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံ သင်တန်း ၁/၂၀၂၃ ဆင်းပွဲကျင်းပ

ကျိုက်မရော ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အရန်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦးက သင်တန်းဆင်း အမှာစကားပြောကြားရာ၌ ယခုလိုအရန်မီးသတ်တပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ လေ့ကျင်ရေး စီမံချက်အရ ကျိုက်မရောမြို့အတွင်းမှာရှိတဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦးကို မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်သော ဘာသာရပ်များ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်တတ်ကျွမ်းစေရန်အတွက် လေ့ကျင့်ရေးမွမ်းမံသင်တန်းကို စနစ်တကျ သင်ကြားလေ့ကျင့်ပြီး အောင်မြင်စွာ ပြီးမြောက်တဲ့နေ့ဖြစ်လို့ဂုဏ်ယူပါကြောင်း သင်တန်းမှာ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံမီးသတ်ပညာ၊ လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ရှာဖွယ်ကယ်ဆယ်ရေးနှင့် ရှေးဦးပြုစုခြင်း ဘာသာရပ်တွေကို နားလည်တတ်မြောက်ခဲ့ပြီး ဖြစ်လို့လက်တွေ့အသုံးချတတ်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ထွန်းက သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများ ထူးချွန်ဆုများပေးအပ်ခဲ့သည်။

ထို့နောက်မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်သောင်းဦးက သင်တန်းဆင်းလက်မှတ်များအား တစ်ဦးချင်း ပေးအပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါသင်တန်းကို ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ ရက်သတ္တပတ်လေးပါတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 ချိူမြတ်မြတ်ထွေး(ပြန်/ ဆက်)