မိုင်းလုံမြို့တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပ

မိုင်းလုံ ဇန်နဝါရီ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့က  မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စုစုဝင်းက လူငယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်လာစေရန်၊ လူအများရှေ့တွင်ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်များအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်တက်ရန်နှင့် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်  စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ဆောင်ရွက်ပေးရသည့်အကြောင်း ရှေ့ဦးစွာပြောကြားပြီးနောက် အထက်တန်းပြဆရာ ဦးမင်းဇော်က လူငယ်စကားဝိုင်းကို စတင်ဦးဆောင်ဆွေးနွေးခဲ့သည်။

ပြီးနောက် Grade-7 မှ စိုင်းလောဝ်မွန်းက လူမှုဆက်ဆံရေး အရည်အသွေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8မှ မောင်မောင်သန့်ဇင်က ကိုယ့်ကိုယ်ကိုယုံကြည်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ စိုင်းစံလွတ်က လူငယ်နှင့်စိန်ခေါ်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ နန်းလှကော်က သည်းခံခြင်းတရား၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်နိုင်သူသန့်က ပိသာချိန်ဖြင့်ရောင်းစားခံရသော စာအုပ်များခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း ယနေ့ဆွေးနွေးခဲ့‌သော ခေါင်းစဉ်များနှင့်ကိုက်ညီပြီး မိမိတို့သိမြင်သော အချက်အလက်များကို ပြန်လည်မျှ‌ဝေ၍ လူငယ်စကားဝိုင်းကို အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)