ကျိုက်ထို စက်တင်ဘာ ၂၅
ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဉ္စမ အကြိမ်မြောက် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း တို့က ရပ်ကွက်ကျေးရွာများအား ထောက်ပံ့ငွေများပေးအပ်ကြရာတွင် ကိုဗစ်-၁၉ ရောဂါမကူးစက်စေရေး၊ လက်ဆေးခြင်းနှင့် နှာခေါင်းစည်းများကို ဆက်လက်တပ်ဆင်ခြင်းဖြင့် ကာကွယ်တားဆီးကြရန်နှင့် ကျန်းမာရေးဆိုင်ရာများကို မှာကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံ လူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ကြရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျိုက်ထိုမြို့နယ်ရှိ အခြေခံအိမ်ထောင်စု (၉၄၈၇) စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၈၉၇၄၀၀၀၀) ကို လွှတ်တော် ကိုယ်စား လှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်သို့ အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။
သန်းသန်းမော်(ပြန်/ဆက်)