ဇမ္ဗူသီရိ ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ညနေ (၄) နာရီက “မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏ရန်သူဖြစ်၍ ရှောင်ကြည်ရမည့်အချက်များအား ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)