ရန်ကုန် စက်တင်ဘာ ၂၅
သုဝဏ္ဏဘောလုံးကွင်း ဧရိယာဝန်းအတွင်း ကိုဗစ်-၁၉ အရေးပေါ်လူနာများအား အရေးပေါ်ကုသမှုပေးရန် High Dependency Unit (HDU) နှင့် Intensive Care Unit (ICU) တို့ပါဝင်သည့် ယာယီ အဆောက်အအုံများ တည်ဆောက်လျက်ရှိသည်။
လက်ရှိ၌ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)၏ သုဝဏ္ဏမြက်ခင်းတုလေ့ကျင့်ရေးကွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနတွင် ကိုဗစ်-၁၉ Positive လူနာများအား ကုသမှုများ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အထူးကြပ်မတ်ကုသဆောင်အတွက် အဆောက်အဦများကို သုဝဏ္ဏဘောလုံးကွင်း၌ ထပ်မံ တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံအား ဧရာဝတီဖောင်ဒေးရှင်းက ဆောက်လုပ်နေ ခြင်းဖြစ်ပြီး အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်)၏ သုဝဏ္ဏမြက်ခင်းတု လေ့ကျင့်ရေးကွင်း၌ တည်ဆောက်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(သုဝဏ္ဏ)ကိုလည်း ဆောက်လုပ်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
လက်ရှိ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများပြားလာပြီး သေဆုံးမှုနှုန်း မြင့်တက် လာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အထူးကြပ်မတ် ကုသဆောင်ကို ထပ်မံတိုးချဲ့တည်ဆောက်နေခြင်းဖြစ်သည်။ လက်ရှိတွင် ဧရာဝတီစင်တာကို ကုတင် (၇၇၀)ဆံ့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ပြီးစီးသွားတဲ့ ဧရာဝတီစင်တာ (A)မှာ (၄၂၅)ကုတင်၊ ထပ်မံတိုးချဲ့မယ့် ဧရာဝတီစင်တာ (B)မှာ ကုတင် (၂၇၀)၊ ဧရာဝတီစင်တာ (C)ဖြစ်တဲ့ Covid-19 Critical Care Unit မှာတော့ ICU နဲ့ HDU စုစုပေါင်း (၇၅)ကုတင် ပါရှိမှာဖြစ်ပြီး ယခုလကုန်မှာ ပြီးစီးနိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်တင့်ထွန်း(ပြန်/ဆက်)