ပူတာအို ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့ညနေ(၃)နာရီက ပူတာအို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ၀န်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်နယ်၀န်ကြီးနှင့် တာ၀န်ရှိသူများသည် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂-ခုနှစ် မတ်လအထိ (၆)လနှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၀၅)သန်း ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အဆောက်အဦ အလျား ၄၀ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၅)ပေ၊ သွပ်မိုး RC နှစ်ထပ် (ရေ၊ မီး၊ မိလ္လာအပါအ၀င်) အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်၀န်ကြီးသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စီးပွားရေးရာ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာန၀န်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားသည်။တွေ့ဆုံစဉ် ပြည်နယ်၀န်ကြီးက နိုင်ငံ့၀န်ထမ်းများ ဖြစ်သည်နှင့်အညီ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပြီး ဉပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါ၀င်ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြန်မာ့စီးပွားဘဏ်၊ အခွန်ဦးစီးဌာနမှ ဦးစီးမှူးများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်၀န်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး ၀န်ထမ်းများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်သည်။
ထိုမှတဆင့် ပြည်နယ်၀န်ကြီးနှင့် တာ၀န်ရှိသူများသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၂၉၄)သန်းဖြင့် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ လယ်မယ်ဝါချီရေလွှဲ ဆည်တည်ဆောက်ခြင်းနှင့် တူးမြောင်းတည်ဆောက်ခြင်း လုပ်ငန်းရှင်းလင်းဆောင်သို့ သွားရောက်ပြီး တာ၀န်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ် ၀န်ကြီးက ဖြည့်စွက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ကာ အဆိုပါလယ်မယ်ဝါချီကွင်းအတွင်း လယ် ဧက(၃၀၀)အတွက် အကျိုးပြု ရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)