မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပေါင်မြို့နယ်အတွင်း နွေစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး တောင်သူများထံဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်၊ မုတ္တမကျေးရွာရှိ ရှေးဟောင်းစေတီအား ထုံးသင်္ကန်းကပ်လှူပူဇော်

ပေါင် ဇန်နဝါရီ ၂၇

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ၂၅ ရက်နေ့နံနက်ပိုင်းက ပေါင်မြို့နယ် အတွင်း သိုရောက်ရှိပြီး နွေစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေးတောင်သူများထံ ယူရီးယားဓါတ်မြေဩဇာများပေးအပ်ကာ နို့စားနွားနှင့် နွားအလှမွေးရေးလုပ်ငန်းအား ကြည့်ရှုအားပေး၍ မုတ္တမတောင်ရိုးတန်းပေါ်ရှိ ရှေးဟောင်းစေတီအား ထုံးသင်္ကန်းကပ်လှူပူဇော်ခဲ့ကြ‌ကြောင်း သိရသည်။

ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စုရှိ နွေစပါးတစ်ဧက (၁၂၀)တင်း ထွက်ရှိရေး ဧက(၁၀၀) စံပြစိုက်ကွက်မှ တောင်သူ များအား ယူရီးယားဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပေါင်မြို့နယ်အတွင်း နွေစပါးတစ်ဧက (၁၂၀) တင်းထွက်ရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်နှင့် မစိုက်ပျိုးနိုင်သည့် မြေများကို ရှာဖွေဖော်ထုတ်ပြီး စိုက်ဧကတိုးမြှင့်စိုက်ပျိုးရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် အထွက်နှုန်းလျာထားချက်ထက် ပြည့် မီကျော်လွန်စေရေး အလေးထားဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက်ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုးရေရရှိရေးရေနုတ်မြောင်းများ တူဖော်ပေးနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်နိုင်ရေး တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ်၊ သဲဖြူကုန်း ကျေးရွာ အုပ်စု၊ နန်းတော်နို့စားနွားနှင့် နွားအလှမွေးမြူရေးခြံသို့ ရောက်ရှိကြပြီး နို့စားနွားနှင့် နွားအလှမွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအားပေးရာ မွေးမြူရေးခြံတာဝန်ရှိသူက နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဂူကြီး ရွှေဂူလေး ရှေးဟောင်းစေတီတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း‌ရေချမ်းဆီမီးများ ကပ်လှူပူဇော်ကာ စေတီတော်သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ထုံးသင်္ကန်းကပ်လှူ ပူဇော်ခြင်းများကို ကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်