ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး၊တရားဥပဒေ စိုးမိုးရေးနှင့်ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကြံစို့ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ တွေ့ဆုံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူ များပူးပေါင်းပါဝင်၍ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ပိုမိုကောင်းမွန်ရေး အထောက်အကူဖြစ်စေရန် ကွင်းဆင်းလာရောက်ခြင်းဖြစ်ကြောင်းနှင့်မိမိတို့ ကျေးရွာလိုအပ်ချက်များ ကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး နောင်ထွန်းနီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လောင်းကစားမှုပပျောက်ရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။ ယင်းနောက်အဖွဲ့ဝင်အဖြစ်လိုက်ပါလာကြသည့် မြို့နယ်ကော်မရှင်၊ စီမံကိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လမ်းဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ဆည်မြောင်းနှင့် ရေအသုံးချရေး၊ မြေယာစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ မြို့နယ် ပြန်/ဆက်၊ မီးသတ်ဦးစီးဌာနအစရှိသည့် ဌာနတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဒေသခံပြည်သူများအား အသိပေးရှင်းလင်းပြောကြား ကြသည်။ ယင်းနောက်တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြမှုများကို သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းများဆောင်ရွက်ခဲ့ပြီး တွေ့ဆုံပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ အင်အား(၃၃)ဦး၊ဒေသခံပြည်သူ အင်အား (၇၈)ဦး၊ စုစုပေါင်းအင်အား(၁၁၁)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)