မိုးညှင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးညှင်း ဇန်နဝါရီ ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၂၄နေ့ နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင့်နိုင်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အန္တရာယ်ဆိုးကျိုးများကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ကျန်းမာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ ပြည်နယ်ကျန်းမာရေးဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံးအုပ်ကြီး ဒေါက်တာလာမာမီး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ကျန်းမာရေးမှူး ဒေါက်တာမျိုးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွဲ့၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀၀)နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း