မော်လမြိုင် စက်တင်ဘာ ၂၅
ကိုဗစ်-၁၉ သည် မြန်မာ နိုင်ငံအနှံ့အပြားတွင် ကူးစက်ပျံနှံ့ လျက်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အဆိုပါရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့မှ စတင်ကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။
မော်လမြိုင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိစေ ရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် အရေးပေါ် ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြု ချက်အရမှအပ ယနေ့မှစ၍ နေ့စဉ် ည (၁၂) နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအထိ ညမထွက်ရန် အမိန့်ကို မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ညမထွက်ရအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင် ရွက်သွား မည်ဖြစ်ပြီး ၎င်းအမိန့်သည် ထုတ်ပြန် သည့် နေ့မှစ၍ (၂)လ အတည်ဖြစ်ကြောင်း ညမထွက်ရ အမိန့် ထုတ်ပြန်ချက်မှ သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၁၃ ဦးရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ(၈၃)ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ(၂၉)ဦးနှင့် သေဆုံးသူ (၁)ဦး ရှိကြောင်း မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)