အခြေခံပညာ မူလွန်အောင်သာကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဗန်းမော် ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ အခြေခံပညာ မူလွန်အောင်သာကျောင်း၌ ၂၀၁၉-၂၀၂၀/ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို အခြေခံပညာမူလွန်အောင်သာကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ က “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လေးက ကျောင်းနေပျော်၍ စာတော်သောကျောင်းသား ကျောင်းသူလေးများ၊ ထူးချွန်ထက်မြက်ပြီး လိမ္မာယဉ်ကျေးသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ဆရာ၊ ဆရာမများက ပြုစုပျိုးထောင်ပေးလျက် ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပညာကိုကြိုးစားလေ့လာသင်ယူရန် တိုက်တွန်းလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးဦးဝင်းတင့်က မိဘများနှင့်ဆရာ၊ ဆရာမများအား ပူးပေါင်းဆောင်ရွက်မှသာ ကျောင်းသားကျောင်းသူများ ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများကလည်း နိုင်ငံ့အတွက်အားထားရတဲ့ သားရတနာ၊ သမီးရတနာလေးများဖြစ်အောင် ကြိုစားအားထုတ်ကြရန် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၉-၂၀၂၀/ ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသည့် ထူးချွန်ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာခင်က ကျောင်းအကျိုးတော်ဆောင်များနှင့် အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)