မြစ်ကြီးနားမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ “သီရိ” ခန်းမတွင် ယနေ့ နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လူငယ်စကားဝိုင်းကျင်းပရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ထက်ကဦးဆောင်၍ ကျောင်းသားကျောင်းသူ(၇)ဦးက “မိဘနှင့်သားသမီးဆက်ဆံရေး ၊မိမိကိုယ်ကို အားကိုးပါ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ မြန်မာစာပေကိုထိန်းသိမ်းစို့၊ ငွေကိုအကျိုးရှိစွာသုံးစွဲပါ” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများက တိုက်ကွမ်ဒိုအားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသားလူငယ်များကို အမှတ်တရအင်္ကျီလက်ဆောင်နှင့် ကျောင်းအတွက် လိုအပ်သည့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါလူငယ် စကားဝိုင်းသို့ တာဝန်ရှိသူများနှင့်ကျောင်းသား၊ ကျောင်းသူ (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)