ကော့မှူး ဇန်နဝါရီ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဝါးဘလောက်သောက်)ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အ.ထ.က(ဝါးဘလောက် သောက်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး Grade -10 မှ မဆုလင်းလဲ့နှင်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11မှ မောင်နေလင်းထိုက်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မအေးသဇင်ဦးက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10မှ မောင်ရှိုင်းထက်အောင်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10မှ မဆုမြတ်မွန်က လူငယ်နှင့်စာပေခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများထဲမှ သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးခဲ့သူများက ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက် လာကြသော ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး ပြန်/ဆက်)