သထုံ စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် တစ်အိမ်ထောင် လျှင် ငွေကျပ် (၂၀၀၀၀)စီ ထောက်ပံပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက သထုံမြို့နယ်အတွင်း အခြေခံအိမ်ထောင်စုများကို အခြေခံစားသောက်ကုန်များအပါအဝင် ထောက်ပံ့မှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ယခုအကြိမ် ငွေကျပ် (၂၀၀၀၀) စီ ထောက်ပံ့ရာတွင် ယခင်က ထောက်ပံ့ကြေးမရရှိခဲ့သည့် အိမ်ထောင်စုတို့ကိုပါ စနစ်တကျစိစစ်ကာ ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်းရှိ အခြေခံ အိမ်ထောင်စုပေါင်း ၁၂၄၁၁ အိမ်ထောင်စုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၂၄၈၂၂၀၀၀၀ ကို ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြသည်။
သထုံမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အခြေခံစားသောက်ကုန် ၅ မျိုးနှင့် ငွေကျပ် ၁၅၀၀၀ စီ တစ်ကြိမ်၊ ငွေကျပ် ၂၀၀၀၀ စီ သုံးကြိမ် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သက်ဦး(သထုံ)