တွံတေး ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက ပြသတိုက်ကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(အလယ်စု)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ၊ ဗဟုသုတများပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆိုဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့်ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်
ပေးကာ Grade-9 မှ မအေးမို့မို့ကျော်က လူငယ်နှင့်စာပေ၊ Grade-10 မှ မောင်အောင်မျိုးဟိန်းက လူငယ်နှင့်စာရိတ္တ၊ Grade-9 မှ မဝင်းစန္ဒာထွန်းက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade- 10 မှ မောင်ဟိန်းထက်အောင်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အ.ထ.က(အလယ်စု) ကျောင်းအုပ်ဆရာမကြီးဒေါ်သင်းသင်းအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ( ၁၂၀ )ဦးတက်ရောက်ခဲ့ကြသည်။ ယင်းနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား