မူဆယ် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နယ်စပ်ဂိတ်များ စတင်ဖွင့်လှစ်ပြီဖြစ်၍ တရုတ်နိုင်ငံသို့ ဝင်/ထွက်သွားလာနိုင်ရေးအတွက် နယ်စပ်သွားလာခွင့်လက်မှတ် Border Pass(BP) စာအုပ်များကို နန်းတော်ဂိတ်တွင် ယမန်နေ့နံနက် (၈း၃၀)အချိန်မှ စတင်၍ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါသည်။
အဆိုပါ နယ်စပ်သွားလာခွင့်လက်မှတ်စာအုပ်များ ပြုလုပ်ဆောင်ရွက်ပေးခြင်းတွင် မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိကြသူများက စီစစ်ဆောင်ရွက်ပေးလျက်ရှိပြီး မူဆယ်မြို့နှင့် နမ့်ခမ်းမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းဖြင့် နေထိုင်သူများသာ စတင်လုပ် ဆောင်ပေးလျက်ရှိရာ လျှောက်ထားသူ ကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အသက်(၁၈)နှစ် မပြည့်သေးသော တရုတ်နိုင်ငံသို့ ဝင်/ထွက်သွားလာချင်သူများကို မိဘအုပ်ထိန်းသူနှင့် လာရောက်လျှောက်ထားရမည်ဖြစ်ပြီး နယ်စပ်သွားလာခွင့် လက်မှတ်စာအုပ်အတွက်လိုအပ်သော နိုင်ငံသား စီစစ်ရေးကတ်ပြား/ ဧည့်နိုင်ငံသားစီစစ်ရေး ကတ်ပြား/နိုင် ငံသားပြု ခွင့်စီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း စသည့်တို့၏ မူရင်းနှင့်မိတ္တူတို့ကို မိမိနှင့်အတူ တစ်ပါတည်းယူဆောင်လာရမည် ဖြစ်သည်။ ယင်းနောက် တရုတ်နိုင်ငံသို့ ဝင်/ထွက် သွားလာမည့်သူများအနေဖြင့် မြန်မာ-တရုတ်နယ်စပ်သွားလာခွင့် လက်မှတ်(BP)စာအုပ်အပြင် မိမိကိုင် ဆောင်ထားသော နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်အတူ ပူးတွဲကိုင် ဆောင်၍ ဖြတ်သန်းသွား လာရမည်ဖြစ်ပြီး မိမိထွက်ခွာမည့် နယ်စပ်စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းခွင့် စစ်ဆေးရေးတံဆိပ်တုံး ရိုက်နှိပ်ပြီးပါက အဆိုပါစစ်ဆေးရေးဂိတ်မှသာ ထွက်ခွာရမည့်အပြင် ပြန်လည်ဝင် ရောက်လာပါက မည်သည့်စစ်ဆေးရေးဂိတ်မှမဆို ပြန်လည်ဝင်ရောက်ခွင့်ရှိကြောင်း သိရသည်။ ယင်းအပြင် မြန်မာ-တရုတ်နှစ်နိုင်ငံလူအဝင်အထွက်ဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ်များကို ယနေ့နံနက် (၆း၀၀)အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သွင်းကုန်ထုတ်ကုန် စီးဆင်းမှုအတွက် ကုန်ကားများ ဝင်ရောက်ရန် မန့်ဝင်းဂိတ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
ထို့နောက် နေ့လည်(၁း၀၀)အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများမှ ဆင်ဖြူဂိတ်၊ မန့်ဝင်းဂိတ်နှင့် နန်းတော်ဂိတ်စသည့် နယ်စပ်ဂိတ်များသို့ ချမှတ်ထားသော ကိုဗစ်-၁၉စည်းကမ်းချက်နှင့်အညီ ကျန်းမားရေးစစ်ဆေးမှု စင်တာများကို စစ်ဆေးကြည့်ရှုခဲ့ပြီး နယ်စပ်သွားလာခွင့်လက်မှတ်(BP)စာအုပ်များ ပြုလုပ်ဆောင် ရွက်ပေးမှုများကို သွားရောက် ကြည့်ရှုခဲ့သည့်အပြင် လိုအပ်သည်များကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)