ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကွမ်းလုံ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်စကားဝိုင်းအား ယမန်နေ့ နံနက်(၁၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သံလွင်ဆောင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလူငယ်စကားဝိုင်း၌ ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက အမှာစကားပြောကြားရာတွင် လူငယ်များအသိပညာဗဟုသုတ ကြွယ်ဝစွာရရှိရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် Grade-11 ကျောင်းသားများဖြစ်ကြသည့် မောင်စောရန်နိုင်နှင့် မောင်ကောင်းခန့်ဖြိုး၊ Gradr-10 ကျောင်းသား/ ကျောင်းသူများဖြစ်ကြသည့် မောင်ပြည့်စုံဟိန်း၊ မောင်ဇင်မင်းခန့်၊ မအမ်းလူ၊ မခွါန်မိုင်ရာ၊ မမေသုန်သုန်ဟိန်းတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီးတွင် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဓာတ်ပုံပြပွဲအား ကြည့်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade-11နှင့် Grade-10 ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြို့နယ်(ပြန်/ဆက်)