ဗန်းမော်မြို့တွင် ခရိုင်အဆင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ဗန်းမော် ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ  ၂၅ ရက် နေ့လယ်  ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အစည်းအဝေးတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က  ညဖက်အချိန်များတွင် ယာဉ်တိုက်မှုများ ပိုမိုဖြစ်ပွားလာမှုအား လျှော့ချနိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်အန္တရာယ်ကြောင့် ဗန်းမော်ခရိုင်အတွင်းရှိ ပြည်သူများ အသက်အန္တရာယ် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ကားလေးနှင့်ကားကြီးများတွင် ရောင်ပြန်စတေကာများကပ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါရောင်ပြန်စတေကာများ ကပ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ကားလေးနှင့် ကားကြီးများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ နိုင်ငံတော်ကသတ်မှတ်ထားသည့် ရောင်ပြန်စတေကာများဝယ်ယူ၍ ကပ်ကြစေရေး အသိပေးပြောကြားရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့်  ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ကားလေးနှင့်ကားကြီးများကို ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီက စီစဉ်ဆောင်ရွက်ထားသည့် စတေကာများကို  ကပ်ပေးသွားရန်နှင့် အဆိုပါစတေကာများ ကပ်ပေးခြင်းကို  ခရိုင်နှင့်မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီက အဖွဲ့များခွဲ၍ ဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်အဆင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီဝင်များက ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး ပြည်သူများစတစ်ကာဝယ်ယူရန် အခက်အခဲမရှိစေရေးကော်မတီက စီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ ပြည်သူများ ယာဉ်တိုက်မှုကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှုမရှိစေရေး၊ ဥပဒေအရ အရေးယူခံရမှု မရှိစေရေး၊ အသိပညာပေးမှုများအား ကော်မတီက စီမံဆောင်ရွက် အသိပညာ ပေးသွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)