မော်လမြိုင် ဇန်နဝါရီ ၂၆
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင် အ.ထ.က (၇) ကျောင်း (ကျောင်းခန်းမ) ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က (၇) ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်လှလှဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ အ.ထ.က(၇)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နွယ်နီဆန်းနှင့် လူငယ်ရေးရာကော်မတီမှ လက်ထောက်ညွှန်မှူး ဒေါ်သီသီဦးတို့က ဦးဆောင်ဖြည့်စွက်ဆွေးနွေးပြီး အ.ထ.က (၇) Grade-10 ကျောင်းသား/ သူများဖြစ်ကြသော မမြတ်စိုးဦးက လူငယ်နှင်းကျန်းမာရေး၊ မောင်ဟိန်းထက်အောင်က လူငယ်နှင့် Social Media၊ မောင်အောင်ဌေးက လူငယ်နှင့်အားကစား၊ မပိုပိုဟန်က လူငယ်နှင်စာပေ၊ မကဆုန်မိုးပြည့်စိုးက လူငယ်နှင့်ကိုယ်ကျင့်တရား စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား ကျောင်းသူများကမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)