မာန်အောင် ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့ နေ့လယ် ၁၂ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်တိုင်းရင်းဆေးကုဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊ စာစောင် စသည့် စာအုပ်ပေါင်း ၈၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါ တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများက စိတ်အားထက်သန် ပျော်ရွှင်စွာ ငှားရမ်းခဲ့ကြသည်။
မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ သို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)