မြစ်ကြီးနား စက်တင်ဘာ ၂၅
မြစ်ကြီးနားခရိုင်အတွင်း တစ်ဖက်တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းသွားလမ်း ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်း ကီလိုမီတာ (၉၀/၉၁)ကြားတွင် တံတားညီနောင်အနီး မြေပြိုကျမှုဖြစ်စဉ်ကြောင့် လမ်းရှင်းလင်း ဖယ်ရှားရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ မိုးအဆက်မပြတ်ရွာသွန်းနေမှုနှင့် ပြိုကျသည့် ကျောက်တုံးကြီးများကြောင့် ရက်အနည်းငယ်ခန့် ကြန့်ကြာနေအုံးမည်ဖြစ်ကြောင်း လမ်းရှင်းလင်းလုပ်ငန်း ဆောင်ရွက်နေသူများထံမှ သိရသည်။
တောင်ကမ်းပါးမြေပြိုမှုကြောင့် ပေ(၄၀)ခန့်ရှိ ကျောက်တုံးကြီးများနှင့် (၁၅)ပေခန့် ကျောက်တုံးများ ရှိနေသည့်အပြင် ပြိုကျမြေစာများကြောင့် အလျားပေ(၃၀၀)၊ အမြင့်(၇၀)ပေခန့်ရှိသဖြင့် ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုနေသည့် Loader ၊ ဘက်ဟိုးစက်ယန္တရားယာဉ်များဖြင့် ရှင်းလင်းဆောင်ရွက် နိုင်ရန် မဖြစ်သည့်အတွက် မိုင်းခွဲရန် စီစဉ်ထားကြောင်း သိရှိရပြီး လမ်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေသူ တစ်ဦးကလည်း ကျောက်တုံးကြီးများသည် ကြီးလွန်းသည့်အတွက် ကျောက်ဖောက်စက်ဖြင့် ဖောက်ပြီးလျှင် မိုင်းခွဲဖို့ စီစဉ်နေကြောင်း၊ လက်ရှိတွင် မိုးအဆက်မပြတ် ရွာနေသည့်အတွက် လုပ်ငန်းများ ခေတ္တ ရပ်ထားရကြောင်းနှင့် မိုးတိတ်မှသာလျှင် ကျောက်တုံးကြီးများကို အရင်ခွဲပြီး Loader ၊ ဘက်ဟိုးစက်ယန္တရား ယာဉ်များဖြင့် မြေစာများကို ရှင်းလင်းနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆဒုံးမြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းကလည်း “လက်ရှိအခြေအနေကတော့ မြေပြင်ပေါ်မြင်နေတာကို ပေ(၄၀)ခန့် ရှိတဲ့ ကျောက်တုံးက (၃)လုံး၊ (၁၅)ပေခန့်ရှိတဲ့ ကျောက်တုံးက (၄)လုံးရှိနေတယ်၊ ဒါကမြေစာပုံပေါ်မှာ မြင်နေရတဲ့ ကျောက်တုံးတွေပါ၊ မြေစာအောက်မှာလဲ ကျောက်တုံးတွေရှိနေအုံးမယ်၊ ဒါတွေရှင်းလင်းပြီးမှ လမ်းကြောင်းပွင့်သွားပြီး ယာဉ်ကြီး၊ ယာဉ်ငယ်တွေ ပုံမှန်ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပါတယ်”ဟု လမ်းရှင်းလင်းရေး ဆောင်ရွက်နေမှု အခြေအနေ ကို ရှင်းလင်းပြောပြသည်။
လတ်တလော လမ်းပိတ်ဆို့မှုအခြေအနေကြောင့် တစ်ဖက်နှင့်တစ်ဖက် စားသောက်ကုန်ပစ္စည်းများ သယ်ယူရာတွင် လူငှားဖြင့် မြေစာပုံကို ကျော်ဖြတ်သယ်ယူနေရကြောင်း သိရှိရပြီး မြန်မာနိုင်ငံမှ တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် တစ်သျှူး ငှက်ပျောသီးတင်ယာဉ်နှင့် အခြားကုန်တင်ယာဉ်များမှ လမ်းခုလပ်တွင် ရပ်ဆိုင်းနေရသည့် ရက် ၁၄ ရက်ခန့်ရှိပြီ ဖြစ်ကြောင်းကိုလည်း သိရသည်။
အဆိုပါနေရာတွင် သြဂုတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာ (၁၁)ရက်တွင် တစ်ကြိမ် စုစုပေါင်း(၂)ကြိမ် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး မိုးအဆက်မပြတ် ရွားသွန်းနေမှုကြောင့် ထပ်မံမြေပြိုကျလာနိုင်သည့် အန္တရာယ်ရှိသည့်အတွက် ရှင်းလင်းရေး လုပ်ငန်းတွေကို ခေတ္တစောင့်ဆိုင်းထားခဲ့ရပြီး စက်တင်ဘာ ၁၅ ရက်နေ့မှ ရှင်းလင်းရေး လုပ်ငန်းတွေ ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။
မျိုးမြင့်စိုး (ပြည်နယ်ပြန်/ဆက်)