မိုးညှင်း ဇန်နဝါရီ ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေဖြင့် လုံးစန့်ကျေးရွာတွင်း ကွန်ကရစ်ကာတုံးဖြင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ၁၀၀ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်ပေ ၁၆၅၀ ပေ၊ အကျယ် (၁၂)ပေ နှင့် အမြင့် (၆) လက်မဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာလူထုထည့်ဝင်ငွေကျပ် (၂၉)သိန်း စုစုပေါင်းငွေကျပ်(၁၂၉)သိန်းကျော်ဖြင့် နိုဝင်ဘာလ (၁၀) ရက်က လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြရာ ဇန်နဝါရီလ ၁၈ ရက်တွင် သဲကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ ၁၀၀ ရာခိုင်နှုန်းထိ ပြီးစီးပြီဖြစ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လုံးစန့်ကျေးရွာကော်မတီဝင်များမှ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကျေးရွာကော်မတီဝင်များအား ဆောင်ရွက်ပြီးစီးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားတတ်စေရန်၊ အကျိုးရှိစွာအသုံးပြု ကြစေရန်နှင့် လည်ပတ်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ကျေးရွာများမှ ဝိုင်းဝန်းဆောင်ရွက် ကြစေရန် အသီးသီးဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မိုးညှင်းမြို့နယ်တွင် ကျေးရွာ (၉) ရွာမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လုံးစန့်ကျေးရွာ၏ ကွန်ကရစ်ကာတုံးဖြင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ကျေးရွာနေအိမ်ထောင်စု(၂၆၃)စု၊ လူဦးရေ(၁၃၃၃)ဦးတို့မှ လမ်းပန်းဆက် သွယ်ရေးပိုမို ကောင်းမွန်လာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ရွှေမိုးညှင်း