နမ့်စန်(တ)ဇန်နဝါရီ ၂၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က အဖွင့်အမှာစကားပြောကြား၍ လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အထက-ခွဲ(၅)ရပ်ကွက်မှ ကျောင်းသားကျောင်းသူ(၈)ဦးက ‘လူငယ်နှင့်ပညာရေး’၊ ‘လူငယ်နှင့်ရည်မှန်းချက်’၊ ‘လူငယ်နှင့်အားကစား’၊ ‘လူငယ်နှင့်ကျန်းမာရေး’ နှင့် ‘လူငယ်နှင့် စာရိတ္တ’ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့် အထက-ခွဲ(၅)ရပ်ကွက် ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဝင်ရောက်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်၊ အထက-ခွဲ(၅)ရပ်ကွက် ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၂၃၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)