မိုင်းဆတ်မြို့၌ မယ်ဆွမ်ချောင်းရေပြန်လည်ကျဆင်းသွားသဖြင့် နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်

မိုင်းဆတ် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မယ်ဆွမ်ချောင်းရေကြီးရေလျှံဖြစ်ပေါ်ပြီး ရေဝင်ရောက်မှုကြောင့် ယမန်နေ့ညနေပိုင်း က ရွှေ့ပြောင်းခဲ့သည့်နေအိမ်များ ရေပြန်လည်ကျဆင်းသွားသဖြင့် ယနေ့နံနက်တွင် မူလနေအိမ်များသို့ပြန်လည် ရွှေ့ပြောင်းနေထိုင် ကြပြီဖြစ်ကြောင်း သိရသည်။

"မနေ့က မြို့ထဲမှာတော့ မိုးမရွာပါဘူး၊ တောင်ပေါ်မှာရွာတဲ့မိုးကြောင့် တောင်ကျရေတွေစီးဆင်းပြီး ညနေ(၄)နာရီလောက်မှာ မယ်ဆွမ်ချောင်းရေကြီးလို့ မယ်ဆွမ်တောင်နဲ့မယ်ဆွမ်မြောက်ရပ်ကွက်က နေအိမ်အချို့ ရေဝင်ရောက်လို့ နီးစပ်ရာ ဆွေမျိုးတွေအိမ်ကို ရွှေ့ပြောင်းခဲ့ကြရတယ်၊ မနေ့ည (၁၀)နာရီလောက်မှာတော့ ရေကထပ်မတက်တော့ဘဲ ပြန်ကျသွားတယ်၊ ဒီမနက် ကိုယ့်အိမ်ကို ပြန်ရွှေ့နေကြပါပြီ" ဟု မယ်ဆွမ် တောင်ရပ်ကွက်(ဝမ်ကျောင်း)မှ ဦးစိုင်းကပ်ခမ်း က ပြောသည်။

ယမန်နေ့က မယ်ဆွမ်ချောင်းရေကြီးရေလျှံခြင်းကြောင့် ဝမ်ကျောင်းနှင့်တာလျှပ်လမ်းမပေါ်သို့ ရေ ကျော်မှုဖြစ်ပွားခဲ့ပြီး မယ်ဆွမ်တောင်နှင့်မယ်ဆွမ်မြောက်ရပ်ကွက်ရှိ ရေဝင်ရောက်ခဲ့သည့် နေအိမ်(၃၀)ခန့်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်းတို့ ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၄)ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က နီးစပ်ရာဆွေမျိုးနေအိမ်များသို့ လူနှင့်ပစ္စည်းများ ရွှေ့ပြောင်းပေးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

သန်းဇော်(မိုင်းဆတ်)