ကျောက်ဆည် ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် ဂန္ဓမာပန်းမျိုးစုံ နှစ်ပတ်လည်စိုက်ပျိုးရောင်းချသည့် မိသားစုများရှိကြောင်းသိရှိရပြီး သံရွာကျေးရွာတွင် စိုက်ပျိုးထားသောဂန္ဓမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ် ရောင်းချသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဂန္ဓမာပန်းသည် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ ရွှေဝါဝင်း၊ စသည့် ပန်းမျိုးကွဲများစွာ ရှိကြောင်းနှင့် ပန်းစိုက်ပျိုးသူများအနေဖြင့် အများအားဖြင့် ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာမှဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ပန်းပျိုးပင်အမျိုးအစားအလိုက် ငွေ(၁၀)ကျပ်မှ(၁၅)ကျပ်အထိ ဝယ်ယူစိုက်ပျိုးပြီး (၄)လအကြာတွင် ပန်းများစတင်ရောင်းချရကြောင်း၊ ရောင်းချရာတွင် ပန်းခိုင်(၃၅) ခိုင်ခန့်ပါဝင်သော ပန်းတစ်စည်းအား ပန်းလှပမှုနှင့် ပန်းအမျိုးအစားအပေါ်မူတည်၍ ငွေကျပ်(၅၀၀၀) ကျပ်မှ (၇၀၀၀)ကျပ်အထိ ရောင်းချရကြောင်း ပန်းစိုက်ပျိုး ရောင်းချသူ ဦးမျိုးထွန်းကပြောပြ၍ သိရ သည်။
ဂန္ဓမာပန်းများစိုက်ပျိုးရာတွင် အပင်သန်မာပြီးကိုင်းဖြာမှုကောင်းစေရန်နှင့် ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေးများနှင့် မြေအားပြုပြင်ပြီး ပန်းအမျိုးအစားနှင့် မြေအမျိုးအစားအလိုက် ပန်းစိုက်မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်း၊ ဂန္ဓာမာပန်းတစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်ရေ(၆)သောင်း ခန့် စိုက်ပျိုးနိုင်ပြီး အရောင်အသွေး လှပစေရန်အတွက် ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် အပင်၏ ကိုင်းဖျားမှအစအောက်ခြေအထိ ပန်းပင်တစ်ပင်လုံး ရေရရှိသောကြောင့် အရွက်များအမြဲစိမ်းလန်းကာ ရောင်းချရာတွင်လူကြိုက်များကြောင်းနှင့် ဂန္ဓမာပန်းသည် မျိုးကွဲများစွာရှိပြီး အရောင်အသွေး စုံလင်သည့်ပန်းမျိုးဖြစ်သောကြောင့် နှစ်ပတ်လည်စိုက်ပျိုးရောင်းချသူများအနေဖြင့် နေ့စဉ်ဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)