ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ချမ်းအေးသာစံ   ဇန်နဝါရီ   ၂၅

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ပြင်ပစာပေများ ဖတ်ရှုခြင်းဖြင့်အသိအမြင်အတွေး အခေါ်များ ပိုမိုရရှိစေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သူများဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ ကဗျာရွတ်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ ပြိုင်ပွဲများ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီးနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့​ကြသည်။

ထို့နောက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲ အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်